Sunday, November 27

တရားဥပဒေ စိုးမိုးရေး ကို စိန်ခေါ်သည့် မင်းမဲ့စရိုက်ဆန်ဆန် လူသိထင်ရှား မှုခင်းဖြစ်စဉ်များ ရန်ကုန်မြို့တွင် ဖြစ်ပွားလာ၊ အများပြည်သူ အာရုံစိုက်နေသည့် အမှုဖြစ်စဉ်များအပေါ် မီဒီယာများမှတစ်ဆင့် အသိပေးထုတ်ပြန်သင့်

တရားဥပဒေ စိုးမိုးရေးကို စိန်ခေါ်နေသည့် မင်းမဲ့စရိုက်ဆန်ဆန် လူသိထင်ရှား မှုခင်းဖြစ်စဉ်များ ရန်ကုန်မြို့တွင် ဖြစ်ပေါ်လျက်ရှိပြီး အများပြည်သူ အာရုံစိုက်နေသည့် ယင်းကဲ့သို့သော မှုခင်းဖြစ်စဉ်များနှင့် ပတ်သက်၍ ဖြစ်ပေါ် တိုးတက်မှုများ နှင့် အများပြည်သူ သိသင့်သိထိုက်သည်များကို မီဒီယာများမှ တစ်ဆင့် ထုတ်ပြန် အသိပေးသင့်ကြောင်း ရန်ကုန်မြို့ခံများက သုံးသပ်ပြော ကြားကြသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၂ ရက် နေ့က ရန်ကုန်မြို့လယ် ပန်းဘဲတန်း မြို့နယ်တွင် စတင်ခဲ့ပြီး ပုဇွန်တောင် မြို့နယ်တွင် ဖြစ်ပွားခဲ့သော မှုခင်း ဖြစ်စဉ်တစ်ခုနှင့် နိုဝင်ဘာလ ၁၇ ရက်နေ့က မြောက်ဥက္ကလာပမြို့နယ်တွင် ဖြစ်ပွားခဲ့သော မှုခင်းဖြစ်စဉ် တို့မှာ ရန်ကုန်မြို့ခံများ အကြားတွင် အာရုံစိုက်ခြင်းခံရသော မှုခင်းဖြစ်စဉ်များ ဖြစ်သည်။

ယင်းအပြင် အင်းစိန်မြို့နယ်တွင်လည်း နိုဝင်ဘာလ ၂၃ ရက်နေ့က အနုကြမ်းစီးမှုတစ်မှုနှင့် နိုဝင်ဘာလ အတွင်း၌ပင် လမ်းမတော်မြို့နယ်တွင်လည်း ပစ္စည်းလုယက်ရာမှ ပိုင်ရှင်ဖြစ်သူအား ဓားထိုးမှုတစ်မှုလည်း ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ပန်းဘဲတန်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်မှာ ပန်းဘဲတန်း မြို့နယ်ရှိည ကလပ်တစ်ခုတွင် သေဆုံးသူ ကိုသန့်ဇင်လတ်(ခ)ဇင်မင်းနှင့် ကိုသိန်းထိုက်တို့ သူငယ်ချင်းနှစ်ဦးသည် အတူရှိနေကြစဉ် ကိုသိန်းထိုက် နှင့် အမည်မသိ လူနှစ်ဦးတို့စကားများကြရာမှ ကိုသိန်းထိုက်မှာ ခေါင်းကွဲခဲ့ပြီး ထိုလူနှစ်ဦးမှာ ကလပ်မှကားဖြင့် ထွက်သွားခဲ့ကြောင်းသိရသည်။
မြောက်ဥက္ကလာပမြို့နယ်တွင် ဖြစ်ပွားခဲ့သော မှုခင်းဖြစ်စဉ်ကို မြောက်ဥက္ကလာပမြို့နယ် ရဲတပ်ဖွဲ့ စခန်းက (ပ) ၅၂၄/၂၀၁၁၊ ပြစ်မှု ဆိုင်ရာ ဥပဒေပုဒ်မ ၃၀၂/၁၁၄ ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိပြီး ပန်းဘဲတန်းမြို့နယ်တွင် ဖြစ်စဉ်စတင်ခဲ့ပြီး ပုဇွန်တောင်မြို့နယ်တွင် ဖြစ်ပွားခဲ့ သည့် ဖြစ်စဉ်ကို ပုဇွန်တောင်မြို့နယ် ရဲတပ်ဖွဲ့စခန်းက (ပ) ၂၃၃/၂၀၁၁ ပြစ်မှုဆိုင်ရာပုဒ်မ ၃၀၂ အရ အမှုဖွင့် စစ်ဆေးနေကြောင်း သိရသည်။

ယင်းကလပ်သို့ သေဆုံးသူ ကိုဇင်မင်းနှင့် ကိုသိန်းထိုက်ဦးတို့၏ သူငယ်ချင်းဖြစ်သူ ကိုနိုင်မိုးရောက် ရှိလာပြီး ထိုကိစ္စအား မကျေနပ်၍ Taxi ဖြင့် ထိုသူနှစ်ဦးနောက်သို့ လိုက်ခဲ့ရာ ပုဇွန်တောင်မြို့နယ် ဗိုလ်ချုပ်လမ်းနှင့်၄၅ လမ်းထိပ်အရောက်တွင် ကိုဇင်မင်းတို့ စီးလာသော Taxi ရှေ့တွင် ကလပ်တွင် အချင်းများခဲ့သည့် လူနှစ်ဦး၏ ကားက ပိတ်ရပ်ခဲ့သည်ဟု သိရသည်။ ကိုဇင်မင်းက ယာဉ်မောင်းထံသို့ သွားခဲ့ရာ ကားအတွင်းမှ ယာဉ်မောင်းက ကိုဇင်မင်း ၏လည်ပင်းအား သိုင်းဖက်၍ ကားမောင်းထွက်သွားသဖြင့် ကိုဇင်မင်း မှာ ၄၅ လမ်းထိပ်မှ ၄၈ လမ်းထိပ်သို့ ဒရွတ်တိုက်ပါသွားရာ လမ်းဘေး၌ ရပ်ထားသော ကားနှစ်စီးအားတိုက်မိပြီး ကားရပ်တန့်သွားမှပင် ယာဉ်မောင်း က ကိုဇင်မင်းအာ လွှတ်ချပြီး ထွက်ပြေး တိမ်းရှောင်သွားခဲ့သည့် ဖြစ်စဉ် ဟု သိရသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ သက်ဆိုင်ရာက ခေါ်ယူစစ်ဆေးနေသူ ကိုမင်းဦးဆိုသူမှာ သေဆုံးသူကိုဇင်မင်း လည်ပင်းအား သိုင်းဖက်၍ကားမောင်း ထွက်သွားသူ မဟုတ်ဘဲ ၎င်း၏ဘေး တွင် အဖော်အဖြစ် လိုက်ပါသူသာ ဖြစ်ပြီး အဆိုပါဖြစ်စဉ်တွင် ကျူးလွန်သည်ဟု ယူဆခံရသူအမည်မှာ ကိုမင်းကျော်ခေါင်(ခ) ကျော်ခေါင်ဖြစ်ပြီး တောင်ကြီးမြို့နှင့် ရန်ကုန်မြို့တွင် နေထိုင်သူဖြစ်ကြောင်း သေဆုံးသူ ကိုဇင်မင်းနှင့် ဖြစ်စဉ်တွင် အတူရှိနေသည့် ကိုနိုင်မိုး၏ ပြောပြချက်အရ သိရသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ အပြန်အလှန်အမှုဖွင့် တရားစွဲဆိုမှုများ ရှိနေကြောင်း သိရပြီး ပန်းဘဲတန်း ရဲစခန်းတွင် သေဆုံးသူကိုဇင်မင်း၏ သူငယ်ချင်းဖြစ်သူ ကိုသိန်းထိုက်ဦး ကိုလည်း ကိုမင်းကျော်ခေါင် မိသားစုဘက်မှ အမှုဖွင့်ထားကြောင်း သိရ သည်။

“ပန်းဘဲတန်းမြို့နယ်မှာ ဖြစ်သွားတဲ့ဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့ရော မြောက်ဥက္ကလာပမြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့ရော ရန်ကုန်မြို့ခံတွေကြားမှာ သတင်းတွေ အမျိုးမျိုးထွက်ပေါ် နေပါတယ်။ သက်ဆိုင်ရာ တာဝန်ရှိသူတွေလည်း ဒီအမှုကို ကြိုးပမ်းဖော်ထုတ်ကြမှာ မလွဲပါဘူး။ သို့သော်လည်းပဲ သတင်းတွေ အမျိုးမျိုးထွက်ပေါ်နေတဲ့ အပိုင်းမှာတော့ အများပြည်သူ ရှင်းရှင်းလင်းလင်း သိနိုင်အောင် သိသင့်သိထိုက်တာ မျိုးတွေကို မီဒီယာတွေက တစ်ဆင့်ထုတ်ပြန်ပေး သင့်တယ်လို့ ထင်မြင်ယူဆမိပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး စမ်းချောင်း မြို့နယ်မှ တရားလွှတ်တော် ရှေ့နေကြီးတစ်ဦးက ဆိုပါသည်။

ယင်းကဲ့သို့ ပြစ်မှုတစ်ခုကို ကျူးလွန်ပြီး အမှန်တကယ် ကျူးလွန်သူက လူစားထိုးကာ တိမ်းရှောင်နေသည်ဆိုသည့် ဖြစ်စဉ်မျိုး အမှန်တကယ်ဖြစ်ပေါ်ခဲ့ပါက ယင်းဖြစ်စဉ် သည် တရားဥပဒေ စိုးမိုးရေးကို စိန်ခေါ်ခြိမ်းခြောက်နေသည့် ဖြစ်စဉ်ဖြစ်ပြီးတရားဥပဒေ စိုးမိုးရေးအတွက် အကောင်အထည် ဖော်နေသည့် အဖွဲ့အစည်းများအတွက်လည်း ဂုဏ်သိက္ခာကျဆင်းစေသည့် ဖြစ်ရပ်များပင် ဖြစ်သည်ဟု မှုခင်းသတင်းများ ကို လေ့လာနေသူ တစ်ဦးက သုံးသပ် ပြောကြားသည်။

မြောက်ဥက္ကလာပမြို့နယ် တွင် ဖြစ်ပွားခဲ့သည့်အမှုမှာ အသတ်ခံရသူ ကိုကျော်မင်းမှာ သူငယ်ချင်းနှစ်ဦးနှင့် အတူ ၎င်းနေထိုင်ရာအိမ်အနီးရှိ စားသောက်ဆိုင်တစ်ခုတွင် စားသောက် နေစဉ် ည ၈ နာရီခွဲအချိန်၌ ယင်းစားသောက်ဆိုင် အတွင်းသို့ မျက်နှာဖုံးစွပ်ထားသူများ အပါအ၀င် လူအုပ်စု တစ်စုမှ ၀င်ရောက်ကာ ဓားများဖြင့် ၀ိုင်းဝန်းသတ်ဖြတ်ခဲ့သည့် ဖြစ်စဉ် ဖြစ်သည်ဟု သိရသည်။

သေဆုံးခဲ့သူ ကိုကျော်မင်းမှာ မျက်နှာဖုံးစွပ်သူများ အပါအ၀င် လူတစ်စုက ၀ိုင်းဝန်းသတ်ဖြတ်ခြင်း မခံရမီ ရက်ပိုင်းအတွင်းက စားသောက်ဆိုင်တစ်ဆိုင်တွင် သူငယ်ချင်းနှစ်ဦးနှင့် စားသောက်နေစဉ် ၎င်း၏ သူငယ်ချင်းတစ်ဦးနှင့်ကိုသက်ဇော်ဦး ဆိုသူတို့စကားများကြရာမှ ကိုကျော် မင်းနှင့် ကိုသက်ဇော်ဦး၏ ဖခင်ဖြစ်သူတို့ စကားများခဲ့ကြရာမှ ကိုကျော်မင်း ဦးခေါင်းတွင် ထိခိုက်ခဲ့သည့် ဖြစ်စဉ်ဖြစ်ခဲ့ပြီး ကိုကျော်မင်း နေထိုင်ရာလမ်းအတွင်းသို့ လူနှစ်ဦး လာရောက်ပြီး ဓားဖြင့် ခုတ်သည့် ဖြစ်စဉ်လည်း ဖြစ်ခဲ့သေးကြောင်း သိရသည်။

“မြောက်ဥက္ကလာပမှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်မျိုးဟာ မင်းမဲ့စရိုက်ဆန်ဆန် ပြုကျင့်သွားတဲ့ ဖြစ်စဉ်မျိုး ဖြစ်ပြီး မြို့ပြနေ အများပြည်သူတွေရဲ့ ဘ၀လုံခြုံမှုကိုပါ ထိခိုက်စေတဲ့အတွက် သက်ဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့ ထိထိရောက်ရောက် ကိုင်တွယ်သင့်တယ်လို့ ထင်ပါတယ်။ ဒီလိုဖြစ်စဉ် မျိုးတွေ ထပ်မံ မဖြစ်ပွားစေဖို့အတွက် မှုခင်းကြိုတင် ကာကွယ်တားဆီးမှုတွေ လုပ်ရမှာပဲဖြစ်ပါတယ်။ မိမိအပိုင်မြို့ နယ်အတွင်းမှာ ကျော်ဇောမှုရှိထားတဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်ရောက်လာတဲ့ လူတွေရှိရင်လည်း သတိထားပြီးတော့ စောင့်ကြည့်ပြီး ကြိုတင် ကာကွယ်တားဆီးဖို့လိုပါတယ်။ ဒီလို လူသိထင်ရှား ဖြစ်စဉ်တွေအပြင် ရန်ကုန်မြို့ရဲ့မြို့နယ်တချို့မှာလည်း အနုကြမ်းစီးတာတို့ အုပ်စုဖွဲ့လုယက်တာတို့ တော်တော်များများပဲ ကြားနေသိနေရပါတယ်။ ဒါကလည်း ဒီနှစ်ကုန်ကာနီးလတွေမှာ ဖြစ်ပွားတဲ့ အတွက် လူအများက သတိထားမိခဲ့ကြတာ ဖြစ်ပါတယ်”ဟု ရန်ကုန်မြို့ခံ တစ်ဦးဖြစ်သည့် အငြိမ်းစား အင်ဂျင်နီယာမှူးကြီး ဦးအေးမြင့်က ဆိုပါသည်။

မြောက်ဥက္ကလာပမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် အုပ်စုဖွဲ့သတ်ဖြတ်မှု ဖြစ်စဉ်နှင့်ပတ်သက်၍ မြောက်ဥက္ကလာပ မြို့နယ်ရဲတပ်ဖွဲ့မှူးက မျက်မြင်သက်သေများ၏ ဖြေကြားချက်ပေါ် မူတည်၍ တရားခံဟုယူဆရသူ များ၏ ခဲခြစ်ပန်းချီပုံတူများကို မြို့နယ်အတွင်း ချိတ်ဆွဲဖြန့်ဝေထားပြီး အမှုမှန်ပေါ်ပေါက်ရေးကို ဆောင်ရွက်ခဲ့ပြီး နိုဝင်ဘာလ ၂၅ ရက်နေ့တွင်မူ ယင်းအမှုနှင့်စပ်လျဉ်း၍ တရားခံဟု ယူဆရသည့် လူခုနစ်ဦးအား ဖမ်းဆီးရမိခဲ့ပြီဖြစ်သည်ဟု မြောက်ဥက္ကလာပမြို့နယ် ရဲတပ်ဖွဲ့မှ ပြောကြားခဲ့သည်။

ရန်ကုန်မြို့ကဲ့သို့ လူဦးရေထူထပ်ပြီး မြို့ပြဧရိယာ ကြီးမားသည့် မြို့တွင် လုယက်မှု၊ ခါးပိုက်နှိုက်မှု၊ ဖောက်ထွင်းမှု၊ အနုကြမ်းစီးမှုများ ဖြစ်ပေါ်နေခြင်းမှာ အဆန်းတကြယ် မဟုတ်သော်လည်း မင်းမဲ့စရိုက်ဆန် ဆန်အုပ်စုဖွဲ့၍ သတ်ဖြတ်သည့် ဖြစ်စဉ်များ၊ အုပ်စုဖွဲ့၍လုယက်မှုဖြစ်စဉ် များ ပေါ်ပေါက်နေခြင်းမှာ တရား ဥပဒေစိုးမိုးလာစေရန် တွန်းအားပေး ဆောင်ရွက်ရသည့် အဖွဲ့အစည်းများ ၏ အားနည်းချက်ကြောင့်လည်း ပါဝင်နိုင်ကြောင်း တရားလွှတ်တော်ရှေ့နေတစ်ဦးက သုံးသပ်သည်။

“၂၀၁၀ ပြည့်နှစ်လောက် က ရန်ကုန်မြို့လယ် လူစည်ကားတဲ့ နေရာတွေမှာ မှုခင်းကြိုတင် တားဆီးရေးအတွက် ရဲကင်းတွေအပြင်၊ အရေးပေါ်ဆေးသေတ္တာကအစ ထားရှိပေးတဲ့ Police Box တွေ ထားရှိခဲ့တယ်။ တစ်လ၊ နှစ်လ လောက်နေတော့ အဲဒါတွေ မရှိတော့ပြန်ဘူး။ တချို့ မြို့နယ်တွေမှာဆိုရင် ညစဉ်လုံခြုံရေး အဖွဲ့တွေ လှည့်ကင်းသွားတာမျိုးတောင် မတွေ့ရတော့ဘူး။ ဆိုလိုချင် တာက လုံခြုံရေးပိုင်းကလည်း အားနည်းမှုတွေ ရှိလာလို့ ဒီလိုဖြစ်မှုမျိုး တွေကို တိုးလာတာလို့ ပြောချင်တာပါ”ဟု စမ်းချောင်းမြို့နယ်နေ တရား လွှတ်တော်ရှေ့နေတစ်ဦး ဖြစ်သူ ဦးတင်အောင်ဝင်းက သူ့အမြင်ကို ပြောပြခဲ့သည်။

“မှုခင်းကျဆင်းရေးကို ဦးတည်ဆောင်ရွက်တဲ့နေရာမှာ ကြိုတင်တားဆီးရေး လုပ်ငန်းစဉ်က ပိုပြီးတော့ အရေးကြီးပါတယ်။ အဲဒီမှာလည်း ပြည်သူပါဝင်တဲ့ ရဲလုပ်ငန်းစဉ် ဆိုတာရှိပါတယ်။ ပြည်သူက ပူးပေါင်းပါဝင် ပေးမှလည်း မြို့ပြလုံခြုံ ရေးကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ ဖြစ်စဉ် တစ်ခုဖြစ်လာရင် အမှန်ကို အမှန် အတိုင်းသတင်းပေးပြီးတော့ အမှုမှန်ရောက်အောင် ပူးပေါင်းပေးဖို့ လိုပါတယ်။ ရဲလုပ်ငန်းတွေ ဆောင်ရွက်တဲ့ နေရာမှာလည်း ဒီဖြစ်စဉ်အတွက် ဒီလူတစ်ယောက်ကို ရဲကအလိုရှိနေပြီဆိုရင်လည်း ပူးပေါင်းရှာဖွေပေးဖို့ လိုမှာ ဖြစ်ပါတယ်”ဟု နေပြည်တော် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဌာနချုပ်မှ ရဲအရာရှိကြီးတစ်ဦးက ဆိုပါသည်။













ကိုကျော်မင်းအား မျက်နှာဖုံးစွပ်ထားသည့် လူများ ဓားဖြင့်ဝင်ရောက်ခုတ်ခဲ့သည့် 6 Stars စားသောက်ဆိုင်နှင့် နွယ်သာကီ ၆ လမ်းကို တွေ့ရစဉ်

No comments:

Post a Comment