Friday, February 3

ဝက်ခြံ ဝက်ခြံ ဘယ်လိုလုပ်ရပါ့

ဝက်ခြံပေါက်တာက တော်တော် စိတ်ကသိကအောက်ဖြစ်စရာကောင်းပါတယ်။ ဒီတိုင်းပျောက်လို့က အကြောင်းမဟုတ်ပါဘူး။ ယောင်လိုက်ပြည်တည်လိုက်၊ အမာရွတ်တွေကျန်လိုက်။ အမာရွတ်ကပျောက်မယ်မကျန်သေးဘူး၊ အသစ်က ထပ်ထွက်လာပြန်လိုက်နဲ့ ဝက်ခြံ သံသရာလည်နေတော့တာပဲ။

ဝက်ခြံတွေက များသောအားဖြင့် အပျိုဖော်ဝင်ကာစ အရွယ်မှာ ပိုအဖြစ်များပြီး အသက် နှစ်ဆယ် စွန်းတာနဲ့ သူ့အလိုလို လျော့သွားတတ်ပါတယ်။ ဒါပေမဲ့ ဘယ်အချိန်မှာ စင်းလုံးချောပျောက်နိုင်မယ်ဆို တာ ခန့်မှန်းလို့ မလွယ်ပါဘူး။

ဘာကြောင့်ပေါက်ရတယ်........


ပုံမှန် အရေပြား

ဝက်ခြံ

မွေးညင်းနုလေးတွေ ဘေးမှာ အသားအရေကို စိုပြေစေဖို့ သဘာဝ အဆီထုတ်ပေးတဲ့ follicle အိတ် လေးတွေရှိပါတယ်။ အကြောင်းတစ်ခုခုကြောင့် လမ်းပိတ်သွားတဲ့အခါ အဆီက အထဲမှာ ခဲသွား ပါတယ်။အပေါ်က keratin နဲ့အုပ်တာခံရတဲ့ အခါ ဆားဝက်ခြံလေးတွေ ဖြစ်လာပါတယ်။ အရေပြားပေါ်မှာ အကျိုးပြုတဲ့ ဘက်တီးရီးယား က ပိတ်နေတဲ့နေရာဆီရောက်လာပြီဆိုရင်တော့ နီမယ်၊ ပြည်တည်မယ် ဝက်ခြံ ဖြစ်လာပါမယ်။

ဟောမုန်း
ရာသီစက်ဝန်း အဆုံးနားလေးနဲ့ အပျိုစဖြစ်တဲ့ အခါတွေမှာ သွေးထဲမှာ Androgen ပမာဏတက် လာပါတယ်။ Androgen က အဆီအိတ်တွေကို ပိုကြီးထွားစေပြီး အလုပ်ပိုလုပ်စေတာကြောင့် လမ်းကျဉ်းကျဉ်းလေးမှာ ဈေးတန်းလျှောက်သလို အဆီထွက်ဖို့ လမ်းတွေ ပိတ်ကုန်တာဖြစ်ပါတယ်။

ဟောမုန်းအပြောင်းအလဲရှိတဲ့ ကိုယ်ဝန်ဆောင်မိခင်၊ Polycistic ovary syndrome နဲ့ steroids ပုံမှန်သောက်နေရတဲ့ သူတွေမှာလည်း တွေ့ရပါတယ်။ သွေးဆုံးခါနီးအချိန်မှာ မ ဟောမုန်း estradiol နည်းသွားတာကြောင့်လည်းဖြစ်တတ်ပါတယ်။

စိတ်ဖိစီးမှု
Singaporean မြီးကောင်ပေါက် တွေ မှာ ဝက်ခြံထွက်တဲ့ သူတွေက stress level နဲ့တိုက်ရိုက်အချိုးကျတာကို တွေ့ရှိခဲ့သလို National Institute of Health (USA) ရဲ့ စာတမ်းအရ stress ဟာ ဝက်ခြံအခြေအနေကို ပိုပြီးဆိုးရွားစေတာကို လည်း တွေ့ရှိခဲ့ပါတယ်။ Stress ကြောင့်ပဲ ဝက်ခြံဖြစ်လား၊ ဝက်ခြံထွက်တာ ကြောင့် stress ဖြစ်တာလား ဆိုတာတော့ ကဂနဏ မသိရသေးပါဘူး။

ရောဂါပိုး
Propionibacterium acnes က ဝက်ခြံကို ဖြစ်စေပြီး Staphylococcus epidermidis ကတော့ အကောင်လေးတွေ follicles နားမှာ စုဝေးဖို့အားပေးတဲ့ တရားခံပါ။ သူတို့တွေ က အဆီထုတ်တဲ့ cycle ကို ကမောက်ကမဖြစ်စေသလို၊ ဝက်ခြံကြွေကျတာကိုလည်းနှေးစေပါတယ်။ အခုအခါမှာ antibiotics ကို ခံနိုင်ရည်ရှိတဲ့ strains တွေလည်းပေါ်နေသေးပါတယ်။

အစားအသောက်
သကြားတို့၊ ကစီတို့ အများကြီးပါတဲ့ အစာတွေက ဝက်ခြံကို ပိုပြီးဆိုးစေတယ်လို့ ဆိုပါတယ်။နောက်တစ်ခု က နွားနို့ သောက်တာနဲ့လည်း ဆက်စပ်မှုရှိနေပါတယ်တဲ့။ ဒါပေမယ့် ချောကလက် နဲ့ ဆား သုံးစွဲ တို့ကြောင့် ဝက်ခြံဖြစ်တယ် ဆိုတာကို တော့ သက်သေမပြနိုင်ပါဘူး။

ဘာတွေလုပ်မလဲ
Benzoyl peroxide
P. acnes ကို သတ်ပေးပါတယ်။ side effect က မျက်နှာခြောက်တယ်၊ နီတယ်၊ စပ်ဖျင်းဖျင်းနဲ့ အပြင်သွားရင် sunscreen လိမ်းသွားရတယ်။ မဟုတ်ရင် ကြွလာရော။ (လိမ်းဖူးသည်) ကောင်းတဲ့ အချက် က ဆေးသောက်စရာမလို ပဲ သောက်ဆေးနဲ့ အာနိသင် အတူတူပဲ။ ဆေးယဉ် တာလည်း မရှိဘူး။

Antibiotics
အဲဒါက ဆိုးဆိုးရွားရွား တွေအတွက် ပါ။ ဆေးယဉ်တတ်ပါတယ်။ လိမ်းဆေးရော သောက်ဆေးရောရှိပါတယ်။ Erythromycin, Clindamycin, tetracycline, minocycline တို့ပါ။ (ဒါလည်း သုံးဖူးတာပဲ) ကောင်းတာက Benzoyl Peroxide လို မျက်နှာရဲတာရောင်ကိုင်းတာ အဲလောက်မဆိုးဘူး။

ဟော်မုန်း
ဝက်ခြံဖြစ်စေတာက ကျားဟောမုန်း အနွယ်ဝင်တွေပါ။ ဒီတော့ မဟော်မုန်းပေးရတာပေါ့။ တချို့ ဆရာ တွေ ကုလို့မနိုင်တော့လို့ ကိုယ်ဝန်တားဆေး ပေးလိုက်ရင် တော်တော်များများ သက်သာသွားကြတာကို တွေ့ရပါတယ်။ အထိရောက်ဆုံးက ကျားဟောမုန်း ကိုတိုက်ဖျက်တဲ့ cyproterone နဲ့ မ ဟော်မုန်း estrogen ကို ပေါင်းထားတဲ့ Diane 35/ Dianette ပါ။ နောက်တစ်မျိုး ဘေးထွက်ဆိုးကျိုးနည်းတဲ့ Drosperinone လည်းထွက်လာပါပြီ။ သူလည်း ကိုယ်ဝန်တားဆေးပါပဲ။

Retinoids
အဆီထုတ်တဲ့ follicle cycle ကို ပုံမှန်ပြန်ဖြစ်အောင် လုပ်ပေးပါတယ်။ နာမည် တွေက Tretinoin (Retin-A)(လက်ရှိသုံးနေသည်), adapalene (Differin), and tazarotene (Tazorac) ပါ။ အဆီထွက်လမ်းကို ပိတ်ဆို့ စေတဲ့ keratinization ကို လည်းမဖြစ်အောင်တားပေးပါတယ်။ စစချင်းသုံးရင်တော့ နီရဲတာ အသားခြောက်တာတို့ဖြစ်တတ်ပါတယ်။ ဒါပေမဲ့ Benzoyl peroxide လောက် မဆိုးဘူး။

ဗိုက်တာမင် အေ နဲ့ အမျိုးတော်တဲ့ isoretinoid ကို တစ်နေ့တစ်လုံး 4 လမှ 6 လအထိ သောက်မယ်ဆိုရင် ရေရှည် ဝက်ခြံမထွက်စေဖို့ ကာကွယ်ပေးနိုင်ပါတယ်။ Roaccutane, Accutane, Amnesteem, နာမည်တွေနဲ့လာပါတယ်။ ဆိုးဆိုးရွားရွား ဝက်ခြံပေါက်တဲ့သူရဲ့ 80% လောက်မှာ မျက်နာစဉ်းလုံးချောဖြစ်လောက်အောင် ရှင်းနိုင်ပါတယ်။ ရပ်လိုက်မယ်ဆိုရင်လည်း ဆေးအာနိသင်အကြာကြီးထိန်းထားနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးတွေကတော့ အများကြီးပါပဲ။ နှာခေါင်းသွေးလျှံတာ၊ အသည်းထိတာ၊ ကိုယ်ဝန်ဆောင်တွေသုံးရင် ကလေးမှာ ကိုယ်လက်အဂါ ချို့တဲ့တာ ဖြစ်တတ်ပါတယ်။

Nicotinamide
အရောင်ကျဖို့ အတွက် သုံးလို့ရပါတယ်။ 1995 ကလုပ်တဲ့ သုတေသန အရ antibiotics လို အလားတူ အာနိသင်ရှိတယ်လို့ဆိုပါတယ်။ ဗိုက်တာမင် B3 အမျိုးအစား ပါ။ အသားအရေကို တင်းရင်းစေတဲ့ collagen ဖွဲ့စည်းရာမှာပါဝင်သလို အရေပြားမှာရှိတဲ့ အမည်းစက်တွေကို ဖျော့ ပေးနိုင်ပြီး၊ အစိုဓာတ်ကို လည်းထိန်းပေးပါသေးတယ်။

တခြား
Ayuveda ကျမ်းထဲမှာ ရှားစောင်းလက်ပတ်၊ နနွင်းတို့ကို ဝက်ခြံအတွက် အစွမ်းထက်တယ်လို့ ဖော်ပြထားပါတယ်။ အတိအကျ သုတေသနပြုထားတာတော့ မရှိသေးပါဘူး။

Tea tree oil
အထိုက်အလျောက် အောင်မြင်တယ်လို့ဆိုရမှာပါ။ အသားအရေကို မခြောက်သွေ့စေပဲ၊ P. acnes ကိုသတ်နိုင်တဲ့အပြင်၊ ရောင်ရမ်းတာကို ကျစေတဲ့ ဂုဏ်သတ္တိလည်းရှိပါတယ်။

နည်းပညာ
Dermabrasion လုပ်လို့ရသလို၊ Phototherapy မှာ လုပ်စရာ Blue and Red light, Photodynamic therapy, Laser treatment ဆိုပြီး သုံးမျိုးလည်းရှိပါတယ်။ အကုန်အကုန်ဆို surgery လည်းလုပ်ကြပါတယ်။

ရှောင်ကြမယ်

1) အိပ်ရေးပျက်မခံပါနဲ့။

2) ပါးနဲ့ထိနေတတ်တဲ့ အရာများကို သန့်ရှင်းအောင်ထားပါ။ ဥပမာ။။ ခေါင်းအုံး၊ ဖုန်း၊

3)မျက်နှာကို ဆပ်ပြာနဲ့ ခဏ ခဏ သစ်ခြင်းကို ရှောင်ပါ။ အကျိုးပြုတဲ့ ဘက်တီးရီးယားများကို ဆုံးရှုံးစေပါတယ်။

4) အဆီများတဲ့ အစားအသောက်၊ နွားနို့၊ ပေါင်မုန့် တို့ကို ရှောင်ကြည့်ပါ။

5) ချွေးပေါက်ပိတ်စေတဲ့ oil based မိတ်ကပ်များကိုရှောင်ပါ။



ဒါလောက်ဆိုရင် ဝက်ခြံနဲ့ပတ်သက်လို့ တော်တော်များများ သိရှိနားလည်လောက်ပြီ ထင်ပါတယ်နော်။ စာဖတ်သူများ အလှတွေပိုနိုင်ကြပါစေ။

No comments:

Post a Comment