တရားဥပဒေ စိုးမိုးရေးကို စိန်ခေါ်နေသည့် မင်းမဲ့စရိုက်ဆန်ဆန် လူသိထင်ရှား မှုခင်းဖြစ်စဉ်များ ရန်ကုန်မြို့တွင် ဖြစ်ပေါ်လျက်ရှိပြီး အများပြည်သူ အာရုံစိုက်နေသည့် ယင်းကဲ့သို့သော မှုခင်းဖြစ်စဉ်များနှင့် ပတ်သက်၍ ဖြစ်ပေါ် တိုးတက်မှုများ နှင့် အများပြည်သူ သိသင့်သိထိုက်သည်များကို မီဒီယာများမှ တစ်ဆင့် ထုတ်ပြန် အသိပေးသင့်ကြောင်း ရန်ကုန်မြို့ခံများက သုံးသပ်ပြော ကြားကြသည်။
ပြီးခဲ့သည့် နိုဝင်ဘာလ ၂ ရက် နေ့က ရန်ကုန်မြို့လယ် ပန်းဘဲတန်း မြို့နယ်တွင် စတင်ခဲ့ပြီး ပုဇွန်တောင် မြို့နယ်တွင် ဖြစ်ပွားခဲ့သော မှုခင်း ဖြစ်စဉ်တစ်ခုနှင့် နိုဝင်ဘာလ ၁၇ ရက်နေ့က မြောက်ဥက္ကလာပမြို့နယ်တွင် ဖြစ်ပွားခဲ့သော မှုခင်းဖြစ်စဉ် တို့မှာ ရန်ကုန်မြို့ခံများ အကြားတွင် အာရုံစိုက်ခြင်းခံရသော မှုခင်းဖြစ်စဉ်များ ဖြစ်သည်။
ယင်းအပြင် အင်းစိန်မြို့နယ်တွင်လည်း နိုဝင်ဘာလ ၂၃ ရက်နေ့က အနုကြမ်းစီးမှုတစ်မှုနှင့် နိုဝင်ဘာလ အတွင်း၌ပင် လမ်းမတော်မြို့နယ်တွင်လည်း ပစ္စည်းလုယက်ရာမှ ပိုင်ရှင်ဖြစ်သူအား ဓားထိုးမှုတစ်မှုလည်း ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ပန်းဘဲတန်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်မှာ ပန်းဘဲတန်း မြို့နယ်ရှိည ကလပ်တစ်ခုတွင် သေဆုံးသူ ကိုသန့်ဇင်လတ်(ခ)ဇင်မင်းနှင့် ကိုသိန်းထိုက်တို့ သူငယ်ချင်းနှစ်ဦးသည် အတူရှိနေကြစဉ် ကိုသိန်းထိုက် နှင့် အမည်မသိ လူနှစ်ဦးတို့စကားများကြရာမှ ကိုသိန်းထိုက်မှာ ခေါင်းကွဲခဲ့ပြီး ထိုလူနှစ်ဦးမှာ ကလပ်မှကားဖြင့် ထွက်သွားခဲ့ကြောင်းသိရသည်။
မြောက်ဥက္ကလာပမြို့နယ်တွင် ဖြစ်ပွားခဲ့သော မှုခင်းဖြစ်စဉ်ကို မြောက်ဥက္ကလာပမြို့နယ် ရဲတပ်ဖွဲ့ စခန်းက (ပ) ၅၂၄/၂၀၁၁၊ ပြစ်မှု ဆိုင်ရာ ဥပဒေပုဒ်မ ၃၀၂/၁၁၄ ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိပြီး ပန်းဘဲတန်းမြို့နယ်တွင် ဖြစ်စဉ်စတင်ခဲ့ပြီး ပုဇွန်တောင်မြို့နယ်တွင် ဖြစ်ပွားခဲ့ သည့် ဖြစ်စဉ်ကို ပုဇွန်တောင်မြို့နယ် ရဲတပ်ဖွဲ့စခန်းက (ပ) ၂၃၃/၂၀၁၁ ပြစ်မှုဆိုင်ရာပုဒ်မ ၃၀၂ အရ အမှုဖွင့် စစ်ဆေးနေကြောင်း သိရသည်။
ယင်းကလပ်သို့ သေဆုံးသူ ကိုဇင်မင်းနှင့် ကိုသိန်းထိုက်ဦးတို့၏ သူငယ်ချင်းဖြစ်သူ ကိုနိုင်မိုးရောက် ရှိလာပြီး ထိုကိစ္စအား မကျေနပ်၍ Taxi ဖြင့် ထိုသူနှစ်ဦးနောက်သို့ လိုက်ခဲ့ရာ ပုဇွန်တောင်မြို့နယ် ဗိုလ်ချုပ်လမ်းနှင့်၄၅ လမ်းထိပ်အရောက်တွင် ကိုဇင်မင်းတို့ စီးလာသော Taxi ရှေ့တွင် ကလပ်တွင် အချင်းများခဲ့သည့် လူနှစ်ဦး၏ ကားက ပိတ်ရပ်ခဲ့သည်ဟု သိရသည်။ ကိုဇင်မင်းက ယာဉ်မောင်းထံသို့ သွားခဲ့ရာ ကားအတွင်းမှ ယာဉ်မောင်းက ကိုဇင်မင်း ၏လည်ပင်းအား သိုင်းဖက်၍ ကားမောင်းထွက်သွားသဖြင့် ကိုဇင်မင်း မှာ ၄၅ လမ်းထိပ်မှ ၄၈ လမ်းထိပ်သို့ ဒရွတ်တိုက်ပါသွားရာ လမ်းဘေး၌ ရပ်ထားသော ကားနှစ်စီးအားတိုက်မိပြီး ကားရပ်တန့်သွားမှပင် ယာဉ်မောင်း က ကိုဇင်မင်းအာ လွှတ်ချပြီး ထွက်ပြေး တိမ်းရှောင်သွားခဲ့သည့် ဖြစ်စဉ် ဟု သိရသည်။
ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ သက်ဆိုင်ရာက ခေါ်ယူစစ်ဆေးနေသူ ကိုမင်းဦးဆိုသူမှာ သေဆုံးသူကိုဇင်မင်း လည်ပင်းအား သိုင်းဖက်၍ကားမောင်း ထွက်သွားသူ မဟုတ်ဘဲ ၎င်း၏ဘေး တွင် အဖော်အဖြစ် လိုက်ပါသူသာ ဖြစ်ပြီး အဆိုပါဖြစ်စဉ်တွင် ကျူးလွန်သည်ဟု ယူဆခံရသူအမည်မှာ ကိုမင်းကျော်ခေါင်(ခ) ကျော်ခေါင်ဖြစ်ပြီး တောင်ကြီးမြို့နှင့် ရန်ကုန်မြို့တွင် နေထိုင်သူဖြစ်ကြောင်း သေဆုံးသူ ကိုဇင်မင်းနှင့် ဖြစ်စဉ်တွင် အတူရှိနေသည့် ကိုနိုင်မိုး၏ ပြောပြချက်အရ သိရသည်။
ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ အပြန်အလှန်အမှုဖွင့် တရားစွဲဆိုမှုများ ရှိနေကြောင်း သိရပြီး ပန်းဘဲတန်း ရဲစခန်းတွင် သေဆုံးသူကိုဇင်မင်း၏ သူငယ်ချင်းဖြစ်သူ ကိုသိန်းထိုက်ဦး ကိုလည်း ကိုမင်းကျော်ခေါင် မိသားစုဘက်မှ အမှုဖွင့်ထားကြောင်း သိရ သည်။
“ပန်းဘဲတန်းမြို့နယ်မှာ ဖြစ်သွားတဲ့ဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့ရော မြောက်ဥက္ကလာပမြို့နယ်မှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့ရော ရန်ကုန်မြို့ခံတွေကြားမှာ သတင်းတွေ အမျိုးမျိုးထွက်ပေါ် နေပါတယ်။ သက်ဆိုင်ရာ တာဝန်ရှိသူတွေလည်း ဒီအမှုကို ကြိုးပမ်းဖော်ထုတ်ကြမှာ မလွဲပါဘူး။ သို့သော်လည်းပဲ သတင်းတွေ အမျိုးမျိုးထွက်ပေါ်နေတဲ့ အပိုင်းမှာတော့ အများပြည်သူ ရှင်းရှင်းလင်းလင်း သိနိုင်အောင် သိသင့်သိထိုက်တာ မျိုးတွေကို မီဒီယာတွေက တစ်ဆင့်ထုတ်ပြန်ပေး သင့်တယ်လို့ ထင်မြင်ယူဆမိပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး စမ်းချောင်း မြို့နယ်မှ တရားလွှတ်တော် ရှေ့နေကြီးတစ်ဦးက ဆိုပါသည်။
ယင်းကဲ့သို့ ပြစ်မှုတစ်ခုကို ကျူးလွန်ပြီး အမှန်တကယ် ကျူးလွန်သူက လူစားထိုးကာ တိမ်းရှောင်နေသည်ဆိုသည့် ဖြစ်စဉ်မျိုး အမှန်တကယ်ဖြစ်ပေါ်ခဲ့ပါက ယင်းဖြစ်စဉ် သည် တရားဥပဒေ စိုးမိုးရေးကို စိန်ခေါ်ခြိမ်းခြောက်နေသည့် ဖြစ်စဉ်ဖြစ်ပြီးတရားဥပဒေ စိုးမိုးရေးအတွက် အကောင်အထည် ဖော်နေသည့် အဖွဲ့အစည်းများအတွက်လည်း ဂုဏ်သိက္ခာကျဆင်းစေသည့် ဖြစ်ရပ်များပင် ဖြစ်သည်ဟု မှုခင်းသတင်းများ ကို လေ့လာနေသူ တစ်ဦးက သုံးသပ် ပြောကြားသည်။
မြောက်ဥက္ကလာပမြို့နယ် တွင် ဖြစ်ပွားခဲ့သည့်အမှုမှာ အသတ်ခံရသူ ကိုကျော်မင်းမှာ သူငယ်ချင်းနှစ်ဦးနှင့် အတူ ၎င်းနေထိုင်ရာအိမ်အနီးရှိ စားသောက်ဆိုင်တစ်ခုတွင် စားသောက် နေစဉ် ည ၈ နာရီခွဲအချိန်၌ ယင်းစားသောက်ဆိုင် အတွင်းသို့ မျက်နှာဖုံးစွပ်ထားသူများ အပါအ၀င် လူအုပ်စု တစ်စုမှ ၀င်ရောက်ကာ ဓားများဖြင့် ၀ိုင်းဝန်းသတ်ဖြတ်ခဲ့သည့် ဖြစ်စဉ် ဖြစ်သည်ဟု သိရသည်။
သေဆုံးခဲ့သူ ကိုကျော်မင်းမှာ မျက်နှာဖုံးစွပ်သူများ အပါအ၀င် လူတစ်စုက ၀ိုင်းဝန်းသတ်ဖြတ်ခြင်း မခံရမီ ရက်ပိုင်းအတွင်းက စားသောက်ဆိုင်တစ်ဆိုင်တွင် သူငယ်ချင်းနှစ်ဦးနှင့် စားသောက်နေစဉ် ၎င်း၏ သူငယ်ချင်းတစ်ဦးနှင့်ကိုသက်ဇော်ဦး ဆိုသူတို့စကားများကြရာမှ ကိုကျော် မင်းနှင့် ကိုသက်ဇော်ဦး၏ ဖခင်ဖြစ်သူတို့ စကားများခဲ့ကြရာမှ ကိုကျော်မင်း ဦးခေါင်းတွင် ထိခိုက်ခဲ့သည့် ဖြစ်စဉ်ဖြစ်ခဲ့ပြီး ကိုကျော်မင်း နေထိုင်ရာလမ်းအတွင်းသို့ လူနှစ်ဦး လာရောက်ပြီး ဓားဖြင့် ခုတ်သည့် ဖြစ်စဉ်လည်း ဖြစ်ခဲ့သေးကြောင်း သိရသည်။
“မြောက်ဥက္ကလာပမှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်မျိုးဟာ မင်းမဲ့စရိုက်ဆန်ဆန် ပြုကျင့်သွားတဲ့ ဖြစ်စဉ်မျိုး ဖြစ်ပြီး မြို့ပြနေ အများပြည်သူတွေရဲ့ ဘ၀လုံခြုံမှုကိုပါ ထိခိုက်စေတဲ့အတွက် သက်ဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့ ထိထိရောက်ရောက် ကိုင်တွယ်သင့်တယ်လို့ ထင်ပါတယ်။ ဒီလိုဖြစ်စဉ် မျိုးတွေ ထပ်မံ မဖြစ်ပွားစေဖို့အတွက် မှုခင်းကြိုတင် ကာကွယ်တားဆီးမှုတွေ လုပ်ရမှာပဲဖြစ်ပါတယ်။ မိမိအပိုင်မြို့ နယ်အတွင်းမှာ ကျော်ဇောမှုရှိထားတဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်ရောက်လာတဲ့ လူတွေရှိရင်လည်း သတိထားပြီးတော့ စောင့်ကြည့်ပြီး ကြိုတင် ကာကွယ်တားဆီးဖို့လိုပါတယ်။ ဒီလို လူသိထင်ရှား ဖြစ်စဉ်တွေအပြင် ရန်ကုန်မြို့ရဲ့မြို့နယ်တချို့မှာလည်း အနုကြမ်းစီးတာတို့ အုပ်စုဖွဲ့လုယက်တာတို့ တော်တော်များများပဲ ကြားနေသိနေရပါတယ်။ ဒါကလည်း ဒီနှစ်ကုန်ကာနီးလတွေမှာ ဖြစ်ပွားတဲ့ အတွက် လူအများက သတိထားမိခဲ့ကြတာ ဖြစ်ပါတယ်”ဟု ရန်ကုန်မြို့ခံ တစ်ဦးဖြစ်သည့် အငြိမ်းစား အင်ဂျင်နီယာမှူးကြီး ဦးအေးမြင့်က ဆိုပါသည်။
မြောက်ဥက္ကလာပမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် အုပ်စုဖွဲ့သတ်ဖြတ်မှု ဖြစ်စဉ်နှင့်ပတ်သက်၍ မြောက်ဥက္ကလာပ မြို့နယ်ရဲတပ်ဖွဲ့မှူးက မျက်မြင်သက်သေများ၏ ဖြေကြားချက်ပေါ် မူတည်၍ တရားခံဟုယူဆရသူ များ၏ ခဲခြစ်ပန်းချီပုံတူများကို မြို့နယ်အတွင်း ချိတ်ဆွဲဖြန့်ဝေထားပြီး အမှုမှန်ပေါ်ပေါက်ရေးကို ဆောင်ရွက်ခဲ့ပြီး နိုဝင်ဘာလ ၂၅ ရက်နေ့တွင်မူ ယင်းအမှုနှင့်စပ်လျဉ်း၍ တရားခံဟု ယူဆရသည့် လူခုနစ်ဦးအား ဖမ်းဆီးရမိခဲ့ပြီဖြစ်သည်ဟု မြောက်ဥက္ကလာပမြို့နယ် ရဲတပ်ဖွဲ့မှ ပြောကြားခဲ့သည်။
ရန်ကုန်မြို့ကဲ့သို့ လူဦးရေထူထပ်ပြီး မြို့ပြဧရိယာ ကြီးမားသည့် မြို့တွင် လုယက်မှု၊ ခါးပိုက်နှိုက်မှု၊ ဖောက်ထွင်းမှု၊ အနုကြမ်းစီးမှုများ ဖြစ်ပေါ်နေခြင်းမှာ အဆန်းတကြယ် မဟုတ်သော်လည်း မင်းမဲ့စရိုက်ဆန် ဆန်အုပ်စုဖွဲ့၍ သတ်ဖြတ်သည့် ဖြစ်စဉ်များ၊ အုပ်စုဖွဲ့၍လုယက်မှုဖြစ်စဉ် များ ပေါ်ပေါက်နေခြင်းမှာ တရား ဥပဒေစိုးမိုးလာစေရန် တွန်းအားပေး ဆောင်ရွက်ရသည့် အဖွဲ့အစည်းများ ၏ အားနည်းချက်ကြောင့်လည်း ပါဝင်နိုင်ကြောင်း တရားလွှတ်တော်ရှေ့နေတစ်ဦးက သုံးသပ်သည်။
“၂၀၁၀ ပြည့်နှစ်လောက် က ရန်ကုန်မြို့လယ် လူစည်ကားတဲ့ နေရာတွေမှာ မှုခင်းကြိုတင် တားဆီးရေးအတွက် ရဲကင်းတွေအပြင်၊ အရေးပေါ်ဆေးသေတ္တာကအစ ထားရှိပေးတဲ့ Police Box တွေ ထားရှိခဲ့တယ်။ တစ်လ၊ နှစ်လ လောက်နေတော့ အဲဒါတွေ မရှိတော့ပြန်ဘူး။ တချို့ မြို့နယ်တွေမှာဆိုရင် ညစဉ်လုံခြုံရေး အဖွဲ့တွေ လှည့်ကင်းသွားတာမျိုးတောင် မတွေ့ရတော့ဘူး။ ဆိုလိုချင် တာက လုံခြုံရေးပိုင်းကလည်း အားနည်းမှုတွေ ရှိလာလို့ ဒီလိုဖြစ်မှုမျိုး တွေကို တိုးလာတာလို့ ပြောချင်တာပါ”ဟု စမ်းချောင်းမြို့နယ်နေ တရား လွှတ်တော်ရှေ့နေတစ်ဦး ဖြစ်သူ ဦးတင်အောင်ဝင်းက သူ့အမြင်ကို ပြောပြခဲ့သည်။
“မှုခင်းကျဆင်းရေးကို ဦးတည်ဆောင်ရွက်တဲ့နေရာမှာ ကြိုတင်တားဆီးရေး လုပ်ငန်းစဉ်က ပိုပြီးတော့ အရေးကြီးပါတယ်။ အဲဒီမှာလည်း ပြည်သူပါဝင်တဲ့ ရဲလုပ်ငန်းစဉ် ဆိုတာရှိပါတယ်။ ပြည်သူက ပူးပေါင်းပါဝင် ပေးမှလည်း မြို့ပြလုံခြုံ ရေးကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ ဖြစ်စဉ် တစ်ခုဖြစ်လာရင် အမှန်ကို အမှန် အတိုင်းသတင်းပေးပြီးတော့ အမှုမှန်ရောက်အောင် ပူးပေါင်းပေးဖို့ လိုပါတယ်။ ရဲလုပ်ငန်းတွေ ဆောင်ရွက်တဲ့ နေရာမှာလည်း ဒီဖြစ်စဉ်အတွက် ဒီလူတစ်ယောက်ကို ရဲကအလိုရှိနေပြီဆိုရင်လည်း ပူးပေါင်းရှာဖွေပေးဖို့ လိုမှာ ဖြစ်ပါတယ်”ဟု နေပြည်တော် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဌာနချုပ်မှ ရဲအရာရှိကြီးတစ်ဦးက ဆိုပါသည်။
ကိုကျော်မင်းအား မျက်နှာဖုံးစွပ်ထားသည့် လူများ ဓားဖြင့်ဝင်ရောက်ခုတ်ခဲ့သည့် 6 Stars စားသောက်ဆိုင်နှင့် နွယ်သာကီ ၆ လမ်းကို တွေ့ရစဉ်
Sunday, November 27
Saturday, November 26
Gmail, Gtalk ကို မြန်မာအစိုးရ ကြားဖြတ် ဖောက်ဖတ်နိုင်ဟုဆို
ဂူဂဲလ်မှ အခမဲ့သုံးခွင့် ပြုထားသည့် ဂျီမေးလ်နှင့် ဂျီတော့ပ်များကို အစိုးရအနေဖြင့် ကြားဖြတ် စောင့်ကြည့်၊ ဖောက်ထွင်းနိုင်ကြောင်း အင်တာနက်လုံခြုံရေးဆိုင်ရာ လုပ်ငန်း ကျွမ်းကျင်သူများက ပြော သည်။
“သူက ကြားခံ ဆာဗာ သုံးခုကို ဖြတ်ရတယ်။ ဖြတ်တိုင်းမှာ ဆာဗာတွေက မှတ်တမ်းယူထားတယ်။ အဲဒီမှတ်တမ်းကို အခြေခံပြီး ပြန်ယူလို့လွယ်တယ်။” ဟု ပြည်ပအခြေစိုက် အိုင်တီလုံခြုံရေးဆိုင်ရာ ပညာရပ်ဖြင့် လုပ်ကိုင်နေသူ ကိုမောင်မောင်က မဇ္ဈိမကို ပြောသည်။
ကြားခံ ဆာဗာသုံးခုမှာ အသုံးပြုရာ နယ်မြေအခြေစိုက် သက်ဆိုင်ရာ မြို့နယ်အလိုက် ထားရှိသည့် Local ISP (Internet service provider), တနိုင်ငံလုံးအား အင်တာနက်ဝန်ဆောင်မှုပေးနေသည့် ရတနာပုံ တယ်လီပို့စ်နှင့်မြန်မာ့ဆက်သွယ်ရေး MPT ကဲ့သို့သော Main ISP နှင့် ရန်ကုန်တိုင်း သံလျင်မြို့နယ်တွင် ထားရှိသည့် ဟံသာဝတီ National Gateway တို့ဖြစ်သည်။
မြန်မာနိုင်ငံတွင် ဂျီမေးလ်၊ ဂျီတော့ပ်အား တိုက်ရိုက်ကြည့်ရှု့ခွင့်ရနေသည်ဟု ထင်မြင်ရသော်လည်း အမှန်တွင်မူ အထက်ပါ ကြားခံဆာဗာသုံးခုအား ဖြတ်ကျော်ပြီးမှသာလျှင် ကြည့်ရှုရနိုင်ခြင်း ဖြစ်သည်။ ယင်းကြားခံ ဆာဗာသုံးခု မှာလည်း အစိုးရ၏ ထိန်းချုပ်မှုအောက်တွင် ထားရှိခြင်းဖြစ်ကာ ယင်းတို့မှ အဆင့်ဆင့် ဖြတ်ကျော် ဝင်ရောက်ရခြင်းဖြစ်သည်။
မြန်မာနိုင်ငံတွင် ၂ဝ၁ဝ ခုနှစ်အထိ မြန်မာ့ဆက်သွယ်ရေး MPT နှင့် ရတနာပုံ တယ်လီပို့စ်ဟူ၍ အင်တာနက် ဝန်ဆောင်မှု ပေးသည့် Internet Service Provider – ISP နှစ်ခုရှိပြီး ယင်းအထက်တွင် ဟံသာဝတီ National Gateway ရှိသည်။
ယင်းနောက် ၂ဝ၁ဝ နောက်ပိုင်းတွင် စစ်အစိုးရက အင်တာနက်လိုင်းစနစ်အား ပြောင်းလဲ ကျင့်သုံးခဲ့သည်။ ပြောင်းလဲ လိုက်သည့် ISP စနစ်သစ်တွင် MPT နှင့် ကာကွယ်ရေးဝန်ကြီးဌာန MOD ISP ဟူ၍ ပင်မနှစ်ခု ဖြစ်လာကာ ရတနာပုံ တယ်လီပို့စ် ISP အား MPT လက်အောက်သို့ ပြောင်းလဲထားရှိခဲ့သည်ဟု ပြည်ပ အခြေစိုက် မြန်မာ့သတင်းသမဂ္ဂ BMA မှ ၂ဝ၁ဝ ခုနှစ် နိုဝင်ဘာလတွင်း ထုတ်ပြန်ခဲ့သည့် “အမျိုးသားအဆင့် ရတနာပုံ မြန်မာ Web Portal - ဖွံ့ဖြိုးမှုလော၊ ဖိနှိပ်မှုလော” စာတမ်းတွင် ပါရှိသည်။
“တယောက်ချင်းစီ စစ်စရာမှ မလိုဘူးလေ။ ကိုယ်လိုချင်တဲ့ အကောင့်ကို ဖွင့်ရုံပဲ။ ဘယ်သူ ဘယ်လိုင်း သုံးတယ်ဆိုတာ ဆာဗာထဲမှာ အကုန်ရှိတယ်လေ။ ဆာဗာတွေက ISP လက်အောက်မှာ ရှိတာ။ လုပ်ပိုင်ခွင့်က ISP မှာ အပြည့်ရှိတယ်။ ISP မှာ ဘယ်သူ ဘာဆိုတာ အကုန်ရှိပြီးသား။ လုပ်ချင် လွယ်လွယ်လေးပေါ့။” ဟု ကိုမောင်မောင် က ဆိုသည်။
အစိုးရအနေဖြင့် အင်တာနက်သုံးစွဲသူ၏ သုံးစွဲမှုမှတ်တမ်းအား စစ်ဆေးမည်ဆိုပါက ဆာဗာအသီးသီးရှိ Main Memory (ပင်မ မှတ်တမ်းသိုမှီးရာနေရာ) မှသာမက Cache Memory ဟုခေါ်သည့် သီးခြားမှတ်တမ်း သိုမှီးရာ နေရာမှလည်း လွယ်လင့်တကူ စောင့်ကြည့် စစ်ဆေးနိုင်သည်။
မြန်မာ့အင်တာနက်လုံခြုံရေးဆိုင်ရာ အင်ဂျင်နီယာတဦးအဆိုအရ အစိုးရအနေဖြင့် အင်တာနက် သုံးစွဲသူ အားလုံး ကို စောင့်ကြည့်လေ့ရှိခြင်းမဟုတ်ဘဲ ထင်ရှားသူများ၊ ပစ်မှတ်ထားခံရသူများကို စောင့်ကြည့်ခြင်းဖြစ်ကာ ဦးသိန်းစိန် အစိုးရ တက်လာသည့်နောက်ပိုင်းတွင် စောင့်ကြည့်မှု လျော့ပါးလာသည်ဟု ဆိုသည်။
“ နိုင်ငံခြားသူတယောက် ပြောပြတယ် ကျနော့်ကို။ ရန်ကုန်သွားတော့ သူ ဂျီမေးလ် အသစ်တခုဖွင့်ပြီး သုံးတာ။ သူလည်း အစိုးရ မကောင်းကြောင်းတွေရေးတော့ ရက်ပိုင်းအတွင်း သူ့မေးလ် ပိတ်သွားတယ်တဲ့။ ” ဟု ပြည်ပ သတင်းဌာနတခုတွင် လုပ်ကိုင်နေသူ ချင်းမိုင်အခြေစိုက် အိုင်တီသမား ကိုထွန်းထွန်းအောင်က ပြောသည်။
သုံးစွဲသူအနေဖြင့် မည်မျှပင် လုံခြုံရေးစကားဝှက် Password ပြောင်းလဲထားစေကာမူ သုံးစွဲသူ၏ မှတ်တမ်း
အားလုံးမှာ ဆာဗာတွင် ကျန်ရစ်မည်ဖြစ်၍ မလုံခြုံနိုင်ခြင်း ဖြစ်သည်။
အစိုးရပိုင်းမှ စောင့်ကြည့်ခြင်း၊ ဖောက်ထွင်းခြင်းများ ရှိ၊ မရှိဆိုသည်ကိုမူ သေချာမသိသော်လည်း ထင်ရှား ကျော်ကြား သူအချို့ မည်သည့်ဝက်ဘ်ဆိုက်ကြည့်သည်၊ မည်သည့်သူနှင့် ဆက်သွယ်သည်ကိုမူ IP Address မှတ်သား၍ အာဏာပိုင်များသို့ သတင်းပို့ရလေ့ရှိသည်ဟု ရတနာပုံတယ်လီပို့စ် ဝန်ထမ်းဟောင်း တဦးထံမှ သိရသည်။
“စာရင်းကတော့ အတိအကျ မရှိဘူး။ ၅ဝ လည်း ဖြစ်ရင် ဖြစ်မယ်၊ ၁ဝဝ လည်း ဖြစ်ရင် ဖြစ်မယ်။ ဥပမာ ဘုန်းကြီး အရေးအခင်းဖြစ်မယ်ဗျာ။ ဘုန်းကြီးအရေးအခင်းဖြစ်တုန်းကဆိုရင် သူတို့ စောင့်ကြည့်ရမယ့်သူတွေ အများကြီးပဲ။ အယောက် ၂၀၀ လောက်ဖြစ်ရင် ဖြစ်သွားမယ်။ သာမန်ကတော့ အရေးကြီးတဲ့ အန်တီစုတို့ ဘာတို့ကတော့ Report အမြဲတမ်း လုပ်နေရမှာပေါ့နော်။” ဟု ရတနာပုံ တယ်လီပို့စ် ဆာဗာအင်ဂျင်နီယာဟောင်းတဦးက မဇ္ဈိမကို ပြောသည်။
စောင့်ကြည်ခြင်းလုပ်ငန်းကို ကာကွယ်ရေးဝန်ကြီးဌာနအောက်ရှိ ဆက်သွယ်ရေးတပ် (ကက-ဆက်) မှ စစ်ဘက် အရာရှိ အများစု ပါဝင်သည့် Net Security ကဲ့သို့သော အင်တာနက်လုံခြုံရေးဌာနမှ လုပ်ကိုင်ခြင်းဖြစ်ကာ အဓိက အားဖြင့် နိုင်ငံရေးနှင့် ပတ်သက်၍ လုပ်ဆောင်နေသူများကို စောင့်ကြည့်ခြင်း ဖြစ်သည်။ ယခုကဲ့သို့ လုပ်ဆောင်ခြင်း များအတွက် အသုံးစားရိတ်ကို စစ်ဘက် အသုံးစားရိတ်များတွင် ထဲ့သွင်း ဖော်ပြလေ့ရှိသည်။
စောင့်ကြည့်ခံရသူ အရေအတွက်မှာမူ အတိအကျမရှိနိုင်သော်လည်း ပြည်တွင်း၌ နိုင်ငံရေးလှုပ်ရှားမှု တစုံတရာဖြစ်ပေါ်ပါက စောင့်ကြည့်ခံရသူ များပြားနိုင်ပြီး သာမန်ချိန်တွင်မူ ဒေါ်အောင်ဆန်းစုကြည်၊ လူရွှင်တော် ဇာဂနာ ကဲ့သို့သော သူများမှာ စောင့်ကြည့်ခံရနိုင်ဖွယ်ရှိသည်ဟု အင်ဂျင်နီယာက ခန့်မှန်းထားသည်။ ထိုသူမှာ အဓိက အားဖြင့် Network ပိုင်းဆိုင်ရာ စောင့်ကြည့်ထိန်းသိမ်းရေး၊ တဦးနှင့် တဦး မေးလ်ပို့ရာတွင် မှန်ကန်ကြောင်းဆိုင်ရာ မှတ်ပုံတင်ခြင်း Certificate Authority ပိုင်းဆိုင်ရာ ဌာနတွင် လုပ်ကိုင်ခဲ့သူ ဖြစ်သည်။
အင်တာနက် သုံးစွဲသူ အများစုအား ဝန်ဆောင်မှုပေးနေသည့် ရတနာပုံတယ်လီပို့စ်တွင် Net Security, Proxy, Mail, CA – Certificate Authority Team စသည်ဖြင့် ဌာနခွဲပေါင်းများစွာ ထားရှိ၍ ဝန်ဆောင်မှုပေးခြင်း ဖြစ်ကြောင်း၊ လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်ကိုလည်း MPT မှ သတ်မှတ်ပေးကြောင်း သိရသည်။ ဆာဗာလုံခြုံရေးနှင့် စောင့်ကြည့်ရေးပိုင်းနှင့် ပတ်သက်၍ မေးမြန်းရာတွင် မိမိ၏ ဌာနမဟုတ်သည့်အတွက် မသိကြောင်း ပြောဆိုသည်။
“MPT ကနေ ချပေးလိုက်တဲ့ လမ်းညွန်ချက်အတိုင်း ဘယ် Port ပိတ်မယ်၊ ဘယ် Port ဖွင့်မယ်ပေါ့နော်။ အဲဒါတွေ ကတော့ အပေါ်က လူကြီးပိုင်းတွေပဲ လုပ်တာလေ။ သူတို့အပေါ်က လမ်းညွန်ချက်က ဒေါက်တာ လွဏ်းဆွေပိတ်မယ်၊ ဒါမှမဟုတ် ဘယ်ဘလော့ဂ်ဆိုက်ပိတ်မယ်ပေါ့။ တခု ပိတ်မယ်၊ ဖွင့်မယ်။ အပေါ်မှာ သူတို့ ဘယ်လို လုပ်တယ်ဆိုတာတော့ ကျနော်တို့ သေချာမသိဘူး။” ဟု ဆာဗာ အင်ဂျင်နီယာဟောင်းက ဆိုသည်။
အစိုးရအနေဖြင့် အင်တာနက် သုံးစွဲခွင့်ပေးထားရာတွင် ဆာဗာအဆင့်ဆင့် ခံထားသည့်အပြင် ယင်းဆာဗာများတွင် DNS Poisoning နည်းလမ်းများသုံး၍ အင်တာနက်သုံးစွဲသူ၏ အချက်အလက်များအား ရယူနိုင်ဖွယ် ရှိသည်ဟုလည်း BMA ၏ စာတမ်းတွင် ပါရှိသည်။
DNS Poisoning ဆိုသည်မှာ ISP ဆာဗာတွင် ကြားခံ စက်ကိရိယာထားရှိ၍ အင်တာနက်အသုံးပြုသူ၏ အချက် အလက်များကို ခိုးယူခြင်း ဖြစ်သည်။ ယင်းသို့ လုပ်ဆောင်ရာတွင် သုံးစွဲသူမှ ရိုက်သွင်းလိုက်သည့် Login ဆိုင်ရာ အချက်အလက်များကို ကြားဖြတ်ယူထားကာ၊ ယင်းမှတဆင့် သက်ဆိုင်ရာ ဆာဗာသို့ ပေးပို့ခြင်း ဖြစ်သည်။
“လုံခြုံရေးကြောင့်ပဲပေါ့။ လိုအပ်ရင် လိုအပ်သလို ထိန်းဖို့လေ။ စစ်သားဆိုတာလုံခြုံရေးပဲ အရင်ကြည့်တာ ဘယ်ခေတ်ရောက်ရောက်။” ဟု ကိုမောင်မောင်က ပြောဆိုသည်။
ယင်းသို့ မိမိ၏ အချက်အလက်များအား ဆာဗာမှ ခိုးယူခြင်းအား ကာကွယ်နိုင်ရန်မှာ Virtual Private Network - VPN ခေါ် ကြားခံဆာဗာတခုမှ မိမိသွားလိုသည့် အင်တာနက်စာမျက်နှာသို့ သွားရောက်ခြင်း ဖြစ်သည်။
VPN မှာ မိမိအသုံးပြုနေသည့်နိုင်ငံရှိ ဆာဗာများကို ဝင်ရောက်ခြင်းမရှိဘဲ အခြားဆာဗာမှတဆင့် မိမိ သွားလိုရာ အင်တာနက်စာမျက်နှာသို့ ဝင်ရောက်ခြင်းဖြင့် ယာယီအကာအကွယ်ဖြစ်စေသလို သီးခြားလျို့ဝှက်ကုတ်ဒ်များဖြင့် ပုံစံပြောင်းအသုံးပြုခြင်း ( Encryption) ဖြင့်လည်း ကာကွယ်နိုင်သည်ဟု အင်တာနက်လုံခြုံရေးသမားများက လမ်းညွှန်ထားသည်။
မှတ်ချက်။ မဇ္ဈိမ မှပြန်လည်ကူးယူဖော်ပြသည်။

3 D Video Cards အကြောင်း
ပထမဆုံးပေါ်တဲ့ 3 D Video Card ကို 3 D Rendering Card ( 3 D ကို ဖြည့်ဆည်းပေးမယ့် Card) လို့ခေါ်ရင် ပိုကောင်းမယ်ထင်တယ်။ ဒီ Card ကရော CPU ရဲ့ အလုပ်အားလုံးကို လုပ်ပေးသတဲ့လား။ မဟုတ်ပါဘူး။ Transformation ကိုတော့ သူကလုပ်မပေးပါဘူး။ အဲဒီအစား CPU ရဲ့ အလုပ်တွေထဲကနေ ခွဲဝေယူပြီး ကူညီပေးပါတယ်။ 3 D Card ထဲမှာ Data Texture တွေအများကြီးသိမ်းလို့ရတဲ့ RAM ရယ်၊ Triangles တွေ ဖန်တီးဖို့ Texture တွေကို အမြန်နှုန်းနဲ့ ပုဂံလုံးစီးပြီး အစားထိုးဖို့အတွက် Power မြင့်တဲ့ Processor ရယ် ပါဝင်ပါတယ်။ သို့သော်လည်း ပြဿနာတစ်ခုက ရှိသေးတယ်ဗျ။ အဲဒီ 3 D Video Card ကို ဘယ်လိုခိုင်းစေကြမလဲ။ ဒီအလုပ်ကို Device Driver တွေက လုပ်ပေးနိုင်ပါတယ်။ အင်း စဉ်းစားကြည့်ရအောင်နော်။ ဘယ်လိုပဲ Device Driver က အလုပ်ကောင်းကောင်းလုပ်ပေးပေး ဖြစ်နိုင်ရင် 3 D Card ကို ဘာလုပ်လိုက်ပါ၊ ညာလုပ်လိုက်ပါဆိုပြီး ခိုင်းစေပေးမယ့် Instruction အစုလေးတွေ ပို့ပေးနိုင်ရင် ပိုကောင်းမယ်လို့ ထင်တာပဲ။ ကျွန်တော်တို့ ဒီလိုမျိုး ပြောစရာမလိုအောင်ကို တီထွင်ပါရဂူတွေက တော်ကြပါတယ်။
Video Card တွေထဲက Application Programming Interfaces (APIs) Series ထဲမှာ Video Card အတွက် Instructions တွေ ထည့်ပေးထားပါတယ်။ ပြောရရင်တော့ API ဆိုတာ စကားမြန်လို့ပြောလို့ရတယ်ဗျ။ Video Card ကို လက်ရှိ အသုံးပြုနေတဲ့ Program ဆီက ထုတ်လွှတ်ပေးတဲ့ Command တွေကိုယူတယ်၊ ပြီးရင် အဲဒီ Command တွေကို Device Driver တွေနားလည်နိုင်မယ့် Instruction တွေအဖြစ်နဲ့ ပြောင်းလဲပေးပါတယ်။ နှစ်တွေပြောင်းလဲလာတာနဲ့အမျှ API တွေကလည်း ဟောတစ်မျိုး၊ ဟောတစ်မျိုးပေါ့ဗျာ။ ဒါပေမယ့် ဘယ်ဟာက အကောင်းဆုံးပါလို့တော့ အဖြေမပေါ်ခဲ့ဘူးဗျ။
နောက်ပိုင်းမှာတော့ 3 D Video တွေကို လူကြိုက်များလာတဲ့အတွက်ကြောင့် Microsoft ကလည်း သူ့ဦးနှောက်ကြီးကို 3 D Graphic ဘက်ကို အတင်းဆွဲလှည့်တော့တာပေါ့။ အဲ သူ့ကျတော့ တစ်မျိုး စဉ်းစားတယ်ဗျ။ 3 D Graphics ကို သူ့ကိုယ်ပိုင် API နဲ့ သူ အလုပ်လုပ်ခိုင်းမလို့တဲ့။ သူတို့ကတော့ အဲဒီ API ကို Direct X လို့ခေါ်ပြန်တယ်။ Direct X အကြောင်းကိုသိချင်ရင်တော့ နောက်ခေါင်းစဉ်တစ်ခုနဲ့ ကျွန်တော်ပြောပြပေးပါ့ဦးမယ်။
API တွေအားလုံးဟာ အလုပ်အတူတူပဲ လုပ်တယ်လို့ ပြောလို့ရပေမယ့် အားလုံးမှာမတူညီတဲ့ ကွာခြားချက်လေးတွေ ရှိနေတတ်ပါတယ်။ ဒါပေမယ့်လည်း အရမ်းကြီး ခြားနားနေတာမျိုး မဟုတ်တော့ အရမ်းသိသာမှာ မဟုတ်ပါဘူး။
ကဲ ဒီဆောင်းပါးလေးကတော့ 3 D Video Card ရဲ့ ဖြစ်ကြောင်းရယ်တဲ့ကုန်စင်ပါပဲ။

တန်ဘိုးနားမလည်ကြသူများ
တို့ရွာနံဘေးက ကားလမ်းမှာ
ကုန်စိမ်းကားတစ်စီး ဘီးပေါက်လို့
ကားဆရာကားအောက်ဝင် နတ်ဖြုတ်နေတုန်း
ဖြတ်သွားဖြတ်လာ လူတစ်ယောက်က
ကားဆရာအလစ်မှာ နတ်တစ်လုံးကိုကောက်ယူလို့
သံတိုသံစ၀ယ်တဲ့ဆိုင် သွားရောင်းတာ ၁၅၀ တောင်ရသတဲ့။
သူ့အတွက်တော့
ကွမ်းယာဆေးလိပ် တစ်နေ့စာ ဖူလုံသွားပေမဲ့
ပုံစံတူနတ်ရှာမရလို့ ကုန်စိမ်းကားကတော့
အဲဒီနေရာမှာ ၂ ညတောင်အိပ်လိုက်ရသတဲ့။
ကုန်စိမ်းတွေလည်း အချိန်မှီ ဈေးမရောက်တော့ပုပ်ကုန်ပြီး
အမှိုက်ပုံ ရောက်သွားကြတယ်။
ကုန်စိမ်းသည်တွေလည်း ရှုံးလိုက်တာ ခွက်ခွက်လန်ဘဲ။
တို့ရွာနားက လယ်ကွင်းမှာ
ဘိုဒူဇာတစ်စီး မြေတူးရင်းမိုးကျလာလို့
နောက်နှစ်အတွက် မပြန်တော့ဘဲ
နီးရာလယ်သမား တစ်ယောက်ကို အပ်ခဲ့သတဲ့။
ရွာမှာ ဇရှိတဲ့လူတွေက
ဘိုဒူဇာအတွင်း ကလီဇာကို ဖြုတ်ဖျက်ပြီး
သံရည်ကြိုတဲ့ ဆိုင်သွားရောင်းတာ ၂သောင်းခွဲတောင်ရသတဲ့။
ဘိုဒူဇာပြင်ဘို့ ကုမ္မဏီက
စင်္ကာပူကိုပစ္စည်းမှာတာ သိန်း၃၀၀ဘိုးကျသတဲ့။
သူခိုး နွားကောင်းမသိရ ဆိုတာ
ဒါမျိုးနဲ့တူပါရဲ့။
မုတ္တမကွေ့က ရေနံနဲ့ သဘာဝဓာတ်ငွေ့ကို
ယိုးဒယားကိုရောင်းတာ
တစ်စည်ကို ၁၇ ဒေါ်လာကြီးများတောင် ရသတဲ့။
ယိုးဒယားကလာတဲ့ ဓာတ်ဆီက
တစ်ဂါလံမှ ၅၅၀၀ိ တည်းရယ်။
မနက်မိုးလင်းတိုင်းမှာ
ထိုင်းပြည်သူတွေက
ဆာဝါသီခပ် မြန်မာပြည်ဆိုပြီးနေ့တိုင်း
နှုတ်ခွန်းဆက်နေလေရဲ့။
ရွှေလီမြစ်ပေါ်က
ရေအားလျှပ်စစ်ရဲ့ကျေးဇူးကြောင့်
တရုပ်ပြည် ယူနန်ပြည်နယ်မှာ
တနှစ်ကိုကျောက်မီးသွေးတန်ချိန် ၂ သောင်းတောင်သက်သာသွားလေရဲ့။
လျှပ်စစ်အရောင်းအ၀ယ် ဘယ်လိုဆိုတာ
ကျုပ်တို့ပြည်သူတွေမသိရပေမဲ့
ယူနန်ပြည်သူအပေါင်းကတော့
ညနေမိုးချုပ်လေတိုင်း
ထောင်သောင်းမက ရှဲရှဲနီပါရဲ့မြန်မာပြည် ဆိုပြီး
အိပ်ယာဝင်တိုင်း
ကျေးဇူးတင်လေရဲ့။
ကျုပ်တို့မြန်မာပြည်မှာတော့
မီးအားမမှန်လို့ ၀ါယာရှော့ဖြစ်ပြီး
မင်္ဂလာဈေးကြီးမီးလောင်တာ သိန်း......ထောင်ဘိုး
သင်္ကန်းကျွန်းဈေး........................................
ပခုက္ကူဈေး.................................................
မုံရွာဈေး......................................................
မော်လမြိုင်ဈေး...........................................
ဈေးတွေ..............ဈေးတွေ.............................
မီးတွေလောင်တာ သိန်းရာထောင်သောင်းပေါင်းများစွာ
လျှပ်စစ်မလုံလောက်တော့ ထင်းမီးနဲ့ချက်လို့
လောင်တဲ့မီးက မရေမတွက်နိုင်တဲ့ အကြိမ်ပေါင်းများစွာ
အိုးမဲ့ အိမ်မဲ့ ထောင်သောင်းပေါင်းများစွာ
ပူအိုက်တဲ့ရာသီမှာ မီးမလာလို့
မီးစက်နဲ့ အဲယားကွန်းတွဲဖွင့်ပြီးအိပ်တာ
အိမ်ထဲရှိရှိသမျှ လူအားလုံးကလေး လူကြီးခွေးကြောင်ပါမကျန်
ကာဗွန်အဆိပ်သင့်ပြီး
မာလက ဈန်ကြွ သွားရတာတွေလည်းရှိရဲ့။
ဒီအချိန်မှာ မီးပျက်နေကျ
မီးပျက်တုန်း ၀ါယာပြင်လိုက်ဦးမှဆိုပြီး
လက်နဲ့အကိုင် သူနဲ့ကျမှတိုက်တိုက်ဆိုင်ဆိုင်
ဆိုသလို ဓာတ်လိုက်ပြီးသေတာလည်း ရှိရဲ့။
တမြို့လုံးညံနေတဲ့မီးစက်သံနဲ့ ထွက်လာတဲ့
ကာဗွန်ဓာတ်ငွေ့တွေကြောင့်
ထောင်သောင်းမကသော
အဆုတ်ရောဂါသည်တွေဟာ
တရုပ်ကလာတဲ့ ဈေးပေါပေါဆေးကို
ကွမ်းယာသည်ကုလားဒေါက်တာအပ်ပနားရဲ့
လမ်းညွှန်မှုနဲ့ ၀ယ်သောက်နေကြရတယ်။
၅၀တန်တဲ့ဆေးကို ၁၅၀ ရောင်းပြီး အနုတ်မရှိတဲ့ အကြောင်းပြချက်နဲ့
သကြားလုံးက အဆစ်ပါလာသေးတယ်။
ချောင်းဆိုးရင် ရွှေတောင်ကြီး
ရင်ကြပ်တော့ ထက်လင်း
သွေးတိုး လေငန်း နှလုံးစတာတွေက အေးငြိမ်းသီတာ
ဒီထက်ပိုလာရင်တော့ ဖြူနီပြာဝါ ရောင်မျိုးစုံပြီး
ဘာမှန်းမသိတဲ့ ဆေးတွေနဲ့
၂ပါးသွားနေလိုက်ကြတာ
ကွမ်းယာသည် ကုလားအတွက်တော့
ဟီးနေတဲ့တိုက်အိမ်ကြီးကို
အပြီးတိုင်စေခဲ့တယ်။
ဆေးထိုးအပ်ကိုင်ပြီး စတိုင်အပြည့်နဲ့ ရမ်းကုတွေကလည်း
မြို့ပြနဲ့အလှမ်းဝေးတဲ့ဒေသတွေမှာ
မှိုလိုပေါလာခဲ့တယ်။
ငွေကြေးတက်နိုင်တဲ့ သူတွေကတော့
ကိုယ့်တိုင်းပြည်က ဆေးရုံကို
ဘာကြောင့်ရယ်မသိ ကျော်ခွလို့
ယိုးဒယားသွား ဆေးကုဘို့အတွက်
သံရုံးမှာ ဗီဇာတန်းစီနေလေရဲ့။
တရုပ်နဲ့ ထိုင်းကလာတဲ့
လျှပ်စစ်နဲ့ ပတ်သက်သမျှသော
တီဗီအောက်စက် ရေခဲသေတ္တာအစရှိသော
လူသုံးကုန်ပစ္စည်း အပေါင်းတို့သည်လည်း
မမှန်လေသော လျှပ်စစ်မီးကြောင့်
ပျက်အစဉ် ပြင်ခဏ ဆိုသောစကားကဲ့သို့
ပြင်လျှင်ခဏသာကောင်းပြီး အမြဲပျက်နေသောကြောင့်
ပြင်ခမတတ်နိုင်ရကား
အမှိုက်ပုံသို့ သာမြန်းရလေသတည်း။
လျှပ်စစ်မီး မလုံလောက်သောကြောင့် သော်လည်းကောင်း
လျှပ်စစ်မီးမရ လေသောကြောင့် သော်လည်းကောင်း
ဘတ္ထရီအိုး ၀ယ်သုံးလေသောကြောင့်
အက်စစ်နှင့်ခဲ ဓာတ်ပြုကာ ထွက်လာသောအနံ့ကို ရှူမိသောကြောင့်
ခဲဆိပ်သင့်ရသော ခလေးငယ်တို့ကား မရေတွက်နိုင်ကုန်။
နံနက်လင်းတိုင်း
ရှဲရှဲမြည်ပြီးမှ စီးတတ်လေထသော အရည်ကြောင်းမှ အစပြု၍
မြန်မာပြည်တ၀ှမ်းရှိရှိသမျှ မြောင်းချောင်းမြစ်အပေါင်းတို့၏
အကြောင်းချင်းရာအစုံလင်ကို
နှံ့စပ်သိမြင်သောအရာ၌
ငါ့လောက်သိသူ ဤမြန်ပြည်၌ ငါသည်ပင်လျှင်မရှိဟူ၍
မိမိကိုယ်ကို မိမိဘာသာအမွန်းတင်လွန်းသော
မြစ်ချောင်းမြောင်းတကာအရာ၌ ပါရဂူ
ဆည်အရာ၌ ဧတဒဂ်ရတော်မူသော
နွားနှင့်ပင်လျှင်
လျှပ်စစ်ထုတ်ရန်ကြိုးပမ်းဘို့ရာ လမ်းညွှန်တတ်သောဝန်ကြီးအဖွဲ့၌
သူလည်းတပါးအပါဝင်ဖြစ်သော
ဟိုဝန်ကြီးပြောစကားအရ
လျှပ်စစ်ဟူသည် ပါကင်ထုပ်၍မရ
မြန်မာပြည်၌ ပိုလျှံလွန်းသောကြောင့်
အိမ်နီးချင်းတိုင်းပြည်ကို
အလကားနီးပါးဈေးနှင့်
ကြိုးသွယ်၍ရောင်းရသည်။
ထိုစကားကို ကျွန်ုပ်တို့မြန်မာပြည်သူအပေါင်းသည်
ဒေါနတောင်တန်းသို့တိုင် ရိုက်ခတ်၍လာသော
ရနောင်း မဲဆောက် ဘန်ကောက် အနှိပ်ခန်းတို့မှ
လုံမပျိုတို့၏ရှိုက်သံကဲ့သို့ သော်လည်းကောင်း
ရှမ်းကုန်းမြေမြင့်ကိုပင် တုန်ခါစေခဲ့သော
ကြယ်ခေါင် ကာရာအိုကေခန်းမှ
ပလောင်ပျိုဖြူငယ်တို့၏
ငိုညည်းသံကဲ့သို့သော်လည်းကောင်း
ဧရာဝတီမြစ်ကိုပင် လှိုင်းတံပိုးထစေအပ်သော
ကိုယ့်တိုင်းပြည်မှာ အလုပ်မရှိလေသောကြောင့်
တိုင်းတပါး၌ ရရာအလုပ်ကိုအောက်ကျခံကာ လုပ်ကိုင်နေကြရသော
မြန်မာတို့၏ တောက်ခေါက်သံ ကဲ့သို့သော်လည်းကောင်း
အံကြိတ်ကာ ဟန်လုပ်ပြီး လက်ခုပ်တီး၍
ထောက်ခံအပ်၏။
တိမ်သလ္လာဖုံးအုပ်သော
လကွယ်ည၏သန်းကောင်ယံအခါကာလ၌
တောအုပ်အလယ်တွင် ရောက်နေသော သူကဲ့သို့
အမှောင်တွင်းမှ ကျွန်ုပ်တို့မြန်မာပြည်သူအပေါင်းသည်ကား
ညအိပ်ယာဝင်လေတိုင်း
ယိုးဒယားဘက်သို့လည်း ရှိခိုးရ၏။
တရုပ်ဘက်သို့လည်း လက်အုပ်ချီရလေသည်။
ကုလားပြည်ဘက်သို့လည်း မေတ္တာအစစ်ပို့လွှတ်ရသေး၏။
စက်မှုစွမ်းအား ခေတ်ကျော်လွှား
ခေတ်မီဖွံ့ဖြိုးတိုးတက်သော စက်မှုနိုင်ငံတော်ကြီးတည်ဆောက်အံ့
အစရှိသောဆောင်ပုဒ်တို့ဖြင့် ကြွေးကြော်ကာ
စက်မှုစွမ်းအားအတွက် မရှိမဖြစ်လိုအပ်သော
လျှပ်စစ်ဓာတ်အားကို
ဈေးပေါပေါဖြင့် ရောင်းစားဝံ့သော
ကျွန်ုပ်တို့၏ ခေါင်းဆောင်အပေါင်းတို့သည်ကား
ဘူရိဒတ် ဇာတ်တော်လာ
စူဠလိပ်အား ရေနစ်သတ်ရန် အကြံပေးသော
ပုဏ္ဏားနှင့်သာ တူချေတော့သည်။
နံနက်လင်းသော်
ယိုးဒယားပြည်ဘက်မှ ဆာဝါသီခတ် ဟူ၍လည်းကောင်း
ညနေမိုးချုပ်သော်
တရုပ်ပြည်ဘက်မှ ရှဲရှဲနီ ဟူ၍သော်လည်းကောင်း
မြန်မာပြည်ဘက်သို့ လှည့်ကာ
နှစ်ပေါင်းသုံးဆယ် မပြည့်မချင်း
မင်္ဂလာနှုတ်ခွန်း ဆက်လေတော့သတည်း။

Remote Access VPN အကြောင်း
VPN ဆိုတာက (Virtual Private Network) လို့ခေါ်ဆိုကြပြီး၊ ၎င်းနည်းပညာကို Network Security အတွက်ထုတ်လုပ်ပေးထားခြင်းဖြစ်ပါတယ်။ ၎င်း VPN မှာ ထပ်မံ၍ခွဲခြမ်းစိတ်ဖြာစိတ်ဖြာကြည့်ပါ။
(၁) Remote Access VPN နှင့်
(၂) Site to Site VPN တို့တွေ့ရှိရမှာဖြစ်ပါတယ်။
၎င်း VPN တွေထဲကမှ Remote Access VPN ကို ရှင်းပြပေးပါမယ်။ Remote Access VPN ဆိုသည်ကား သင့်ရဲ့ Private Network အတွင်းသို့ ပြင်ပ Network အတွင်းရှိ User များက ၀င်ရောက်သုံးစွဲခြင်းကိုဆိုလိုတာဖြစ်ပါတယ်။ ဒါပေမယ့် ........ ၎င်း သုံးစွဲတဲ့အချိန်မှာ တိုက်ရိုက်သုံးစွဲခွင့်မရှိပဲ သင့်ရဲ့ VPN Client နဲ့ Private Network ကြားထဲမှာ VPN Remote Access Server ထားပေးရပါမယ်။ ဒါမှသာလျှင် ပြင်ပမှာရှိနေတဲ့ VPN Client များက သင့်ရဲ့ Private Network အတွင်းထဲသို့ VPN Remote Access Server မှတစ်ဆင့် ၀င်ရောက်သုံးခွင့်ပေးရမှာဖြစ်ပါတယ်။ ဒါကိုမှ VPN Remote Access Server လို့ခေါ်ဆိုကြပါတယ်။ ဒီတော့.......အောက်မှာဖော်ပြပေးထားတဲ့ ပုံကိုကြည့်ပေးပါ။ ဒါဆိုရင် သင်ဟာ Remote Access VPN ကိုနားလည်သွားပါလိမ့်မယ်။

Java, C, HTML နှင့် Script Language များကိုလေ့လာခြင်း
What is Java ?
Java သည် Sun Microsystem မှာ James Gosting က တီထွင်ခဲ့တဲ့ Programming Language ဖြစ်ပြီး Sun Microsystem's Java Platform ရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းအဖြစ် ၁၉၉၅ ခုနှစ်မှာ စတင်မိတ်ဆက်ခဲ့ပါတယ်။ Java ရဲ့ Syntax အများစုသည် C နှင့် C++ မှ ဆင်းသက်လာသည်။ သို့သော် Java တွင် ရိုးရှင်းသော Object Model နှင့် Low Level Facilities အနည်းငယ်သာရှိပါတယ်။ Java Application များကို ကွန်ပျူတာ Architecture တွင် မဟုတ်ဘဲ Java Virtual Machine (JVM) ပေါ်တွင် Run နိုင်သော Bytecode များအဖြစ် Complile လုပ်နိုင်တယ်။ Java သည် General Purpose Concurrent Class-Based Object Oriented Language တစ်ခုဖြစ်ပြီး ၎င်းကို Implementation Dependencies နည်းနိုင်သမျှနည်းအောင် ဒီဇိုင်းလုပ်ထားပါတယ်။ Java သည် Application Developer များကို "Write Once, run anywhere' လုပ်နိုင်စေရန် ရည်ရွယ်ထားသည်။ Java သည် ယခုအချိန်တွင် ရေပန်းအစားဆုံး Programming Language အဖြစ် အသုံးပြုနေပြီး ၎င်းကို Application Software မှ Web Application များအထိ ကျယ်ပြန့်စွာ အသုံးပြုနေပါတယ်။ Original နှင့် ကိုးကားထားသော Implementation Java Complier များ၊ Virtual Machine များနှင့် Class Libraies များကို Sun မှ 1995 တွင် မိတ်ဆက်ထုတ်လုပ်ခဲ့ပါတယ်။
၂၀၀၇ ခုနှစ် မေမှစ၍ Java Community Process ၏ Specification များအရ Sun မှ Java ၏ Technologies များကို GNU General Pubic License အောက်တွင် License ပြန်လည်ပြုလုပ်ခဲ့ပါတယ်။ အခြားသော Java Technologies များမှာ Sun Technologies များဖြစ်သော GNU Compiler for Java ၊ GNU Classpath နှင့် Danvik များကဲ့သို့ Sun Technologies များ၏ Implementation များအရ တိုးတက်လာသည်။
What is C ?
၁၉၇၂ တွင် Demnis Ritchie က Lunix Operative System နဲ့ အသုံးပြုဖို့ Bell Telephone Laboratories မှာ General Purpose Computer Programming Language တစ်ခုဖြစ်တဲ့ 'C Language' ကို တီထွင်ခဲ့သည်။ C ကို System Software တွေကို Implement လုပ်ဖို့အတွက် ဒီဇိုင်းဆွဲထားသော်လည်း Portable Application Software တွေ တိုးတက်လာဖို့အတွက် ကျယ်ပြန့်စွာ အသုံးပြုနေကြပါတယ်။ C သည် Popular အဖြစ်ဆုံး Computer Programming Language များတွင် တစ်ခုအပါအ၀င်ဖြစ်ပြီး C မပါဝင်သော Computer Architecture လည်း အနည်းငယ်ရှိပါတယ်။ C သည် အခြားသော Popular ဖြစ်တဲ့ Programming Language များစွာကို လွှမ်းမိုးထားပြီး အထူးသဖြင့် C ကို ထပ်ပြီးချဲ့ထွင်ထားသော C++ သည် ထင်ရှားသည်။
What is HTML
HTML (Hyper Text Markup Language) သည် Webpages များအတွက် ကောင်းမွန်တဲ့ Markup Language ဖြစ်ပါတယ်။ HTML ကို Web Page Content ထဲမှာ angle bracket (<,>) တွေပါဝင်တဲ့ HTML Element ပုံစံနဲ့ရေးသားထားပါတယ်။ Image တွေ၊ Object တွေကို စုစည်းထားပြီး Interactive Form တွေ ဖန်တီးရာမှာ သုံးပါတယ်။ သူက Headings ၊ Paragraphs ၊ Lists ၊ Links ၊ Quotes နဲ့တခြား Item တွေဖြစ်တဲ့ Text အတွက် သင်္ကေတများဖြင့် Documents တွေကို တည်ဆောက်ထားပါတယ်။ HTML တွင် Javascripts စတဲ့ Scripts များထည့်သွင်းထားခြင်းဖြင့် Web Pages များကို ပို၍ အသက်ဝင်စေပါတယ်။ HTML ထဲမှာ Text တွေနဲ့တစ်ခြား Material တွေရဲ့ Layout ရဲ့ အသွင်အပြင်ကို လှပစေဖို့ Cascading Style Sheets (CSS) ကို ထည့်သွင်းအသုံးပြုနိုင်ပါတယ်။ W3C ကလည်း HTML ပေါ်မှာ CSS ကို အသုံးပြုဖို့ တိုက်တွန်းထားပါသေးတယ်။
What is Script ?
Scripting Language (ခေါ်) Scrip Language (ခေါ်) Extension Language သည် တစ်ခု (သို့မဟုတ်) တစ်ခုထက်ပိုသော Software Application များ၏ ထိန်းချုပ်မှုကို ခွင့်ပြုပေးသည်။ 'Script' သည် Application များ၏ အရေးပါသော Code များနှင့်မတူဘဲကွဲပြားသည်။ အဘယ်ကြောင့်ဆိုသော် Scripts အား မတူညီသော Language များနှင့်ရေးသားပြီး End-User မှ မကြာခဏ Crate နှင့် Modified လုပ်နိုင်ပါတယ်။ Script ကို Source Code (or) Bytecode များမှ Interpret လုပ်နိုင်တယ်။ Script မှ control လုပ်ထားသော Application များကို Native Machine Code ဖြစ်အောင် Complie လုပ်နိုင်သောကြောင့် ဖြစ်ပါတယ်။ Script ဆိုသောအမည်သည် Performing Art များ၏ Script ရေးသားမှုမှ ဆင်းသက်လာတယ်။ Dialog များသည် Human Actors များပြောသလို လုပ်နိုင်ရန် ချထားခဲ့သည်။ အစောပိုင်း Script Language များကို Batch Language (သို့မဟုတ်) Job Control Language ဟုခေါ်ပါတယ်။ အစောပိုင်း Scripting Language များကို Traditional-edit-compile-link-run Process များအတိုချုံ့ရန် ဖန်တီးထားပါတယ်။

Friday, November 25
မြန်မာသင်္ဘောသားများပါဝင်သော တောင်ကိုရီးယား ကုန်တင်သင်္ဘောနစ်မြုပ်ပြီး မြန်မာသင်္ဘောသား လေးဦး ပျောက်ဆုံးနေ
နစ်မြုပ်ခဲ့သည့် Bright Ruby ကုန်တင်သင်္ဘောအား တွေ့ရစဉ်
မြန်မာသင်္ဘောသားများပါဝင်သော တောင်ကိုရီးယား ကုန်တင်သင်္ဘောသည် တောင်တရုတ်ပင်လယ်ပြင်တွင် ရာသီဥတု ဆိုးရွားမှုကြောင့် နိုဝင်ဘာလ ၂၁ ရက်နေ့က နစ်မြုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
အဆိုပါသင်္ဘောနစ်မြုပ်ခဲ့ပြီးနောက် ယင်းသင်္ဘောတွင်ပါဝင်သော သင်္ဘောသား ၁၄ ဦးအား ကယ်တင်နိုင်ခဲ့ပြီး၊ မြန်မာလေးဦးနှင့် တောင်ကိုရီးယားသုံးဦးတို့ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း သတင်းဖော်ပြချက်များအရ သိရသည်။
တောင်ကိုရီးယားကုမ္ပဏီပိုင် တန်ချိန် ၁၅၀၀၀ ခန့်ရှိ Bright Ruby ကုန်တင်သင်္ဘောသည် နိုဝင်ဘာလ ၂၁ရက်နေ့က တောင်တရုတ်ပင်လယ်ပြင်တွင် ရာသီဥတုဆိုးရွားမှုကြောင့် နစ်မြုပ်ခဲ့သည်။ အဆိုပါသင်္ဘောတွင် မြန်မာလူမျိုးများအပါအ၀င် စုစုပေါင်းသင်္ဘောသား ၂၁ ဦးပါဝင်သည်ဟု သိရသည်။
ဟောင်ကောင်ရေတပ်မှ တာဝန်ရှိသူများသည် ပျောက်ဆုံးလျှက်ရှိသော သင်္ဘောသားများအား အမြန်ဆုံး တွေ့ရှိနိုင်ရန် ရှာဖွေမှုများ ပြုလုပ်လျှက်ရှိသည်ဟု သိရသည်။
Bright Ruby သင်္ဘောမှ ပျောက်ဆုံးနေသော မြန်မာသင်္ဘောသားအချို့၏ မိသားစုဝင်များသည် မြန်မာနိုင်ငံ ပင်လယ်ကူးသင်္ဘောသားများအသင်းသို့ လာရောက်အကြောင်းကြားခြင်း၊ မေးမြန်းဆက်သွယ်ခြင်းများ ပြုလုပ်ခဲ့ကြောင်းသိရသည်။

Subscribe to:
Posts (Atom)